ဝိုင်းလိုက် ကြစို့လား ပျော်ပျော်ပါးပါး
အွန်စောတို့ တက်ရောက်ပညာသင်ယူနေတဲ့ ဂုန်းဂျူးတက္ကသိုလ်က ကျောင်းသားတွေအတွက် အထူးစီစဉ်ပေးတဲ့ Membership Training (MT) တဲ့။(၂၅.၃.၂၀၁၀) နေ့ညနေ လေးနာရီခွဲကထွက်လာခဲ့လိုက်တာ ၇၆ ကီလိုဝေးတဲ့ ကမ်းခြေ (공주바다) ကို ငါးနာရီခွဲလောက်ရောက်တယ်။ ဆရာကလည်း သူ့ကားလေးကို ဘာမောင်းသလဲမမေးနဲ့ ဟိုက်ဝေးလမ်းမပေါ်လည်းရောက်ရော ၁၄၀-၁၅၀ ကီလိုထိကိုနင်းတော့တာပဲ။ လမ်းမှာသတိထားမိလိုက်တာက ကားကိုရုတ်တရက်အရှိန်လျှော့လို့မော့ကြည့်တော့ အပေါ်မှာ ကင်မရာ လေးလုံးက မောင်းလာတဲ့ကားတွေကို မှတ်တမ်းယူနေတာတွေ့လိုက်ရတယ်။ သဘောပေါက်လိုက်တယ်။ လမ်းကောင်းသလောက်၊ ကားကောင်းသလောက်၊ သေမင်းမကြောက် မောင်းကြတာတွေကို ကွပ်ကဲထိမ်းချုပ်တဲ့စနစ်ပဲလို့။ ကားမောင်းသူမကြောက်ပေမဲ့ ဘေးကထိုင်လိုက်လာတဲ့ အွန်စောတို့ကတော့ နည်းနည်းရွံ့သလိုပဲ။ ကားသေးလေးဆိုတော့လေ။ မောင်းသူအပြင် ၃ ယောက်ပဲပါတာလေ။ ကမ်းခြေတည်းခိုခန်းရောက်လို့ ကမ်းစပ်ဆင်းမယ်ကြံတော့ လေကတအားတိုက်နေတယ်။ ရာသီဥတုကလည်း ဒီနှစ်မှ ထူးထူးခြားခြား အေးနေတာတဲ့။ အရင်ကဆိုဒီလို မတ်လကုန်မှာ အနွေးဓါတ်ဝင်နေပြီတဲ့။ အခုတော့ အအေးလွန်နေလို့ ဓါတ်ပုံလေး အပြေးအမြန်ရိုက်ပြီး အခန်းပြန်ပြေးခဲ့လိုက်ရတယ်။ မဟုတ်လျှင် လေငန်းမိသွားနိုင်တယ်။ ဒီလောက် အင်္ကျီထူ။ ခေါင်းစွပ်ထူ၊ လက်အိပ်တွေနဲ့တောင် ခိုက်ခိုက်တုန်နေတာ။ တည်းခိုခန်းရောက်တော့ ကျမ်းပြင်မှာတတ်ထားတဲ့ အပူပေးစနစ်က တော်တော်ပူတာပဲ။ တစ်နေရာထည်းမှာငြိမ်ပြီအိပ်နေလျှင် မနေနိုင်အောင်ပူလို့ ဟိုလှိမ့်ဒီလှိမ့်လုပ်ပြီးအိပ်ခဲ့ရတယ်။ အွန်စောတို့ဓါတ်ခွဲခန်းက ကားနှစ်စီးနဲ့ လူစုစုပေါင်း ၉ ယောက်လိုက်ပါခဲ့တယ်။ အွန်စောတို့တည်းတဲ့တည်ခိုးခန်းနဲ့ကပ်လျှက်မှာပဲ ဘွဲကြိုကျောင်းသားတွေအတွက် တည်းခိုဆောင်ရှိတယ်။ သူတို့အဖွဲ့ကတော့ လူငါးရာကျော်လောက်ဆိုတော့ ဆူလို့ညံလို့ပါပဲ။ သိတဲ့အတိုင်းပေါ့။ လူငယ်တွေဆိုတော့ ဂစ်တာတီးသူ၊ သီချင်းဆိုသူ၊ သံချပ်ဆိုသူနဲ့ပေါ့။ တကယ်တော့သံချုပ်မဟုတ်ပါဘူး။ မြူးကြွတဲ့သီချင်းတွေပဲပေါ့။ ညမှာ စုပေါင်းထမင်းချက်စားကြတယ်။ တစ်ယောက်တစ်လက်ဝိုင်းဝန်းလုပ်ကိုင်စားသောက်ကြတာ။ အဲဒါ ဒီခရီးရဲ့သင်ခန်းစာ (ရည်ရွယ်ချက်ပဲတဲ့)။ အစကတော့ MT, MT နဲ့သူတို့ပြောသံကြားတာနေတာ အဓိပ္ပါယ်ကောင်းကောင်းမပေါက်ခဲ့ဘူး။ လက်တွေ့မှပဲ သဘောပေါက်တော့တယ်။ ရှိတာလေးနဲ့ ဖြစ်အောင်လုပ်တတ်တဲ့၊ စုပေါင်းလုပ်တတ်တဲ့အကျင့်ကို ကျင့်ပေးတာတဲ့။ စဉ်းစားကြည့်လေ တစ်ညသာအိပ်မဲ့ တည်းခိုခန်းမှာ ဘယ်မှ ပစ္စည့်ပြည့်ပြည့်စုံစုံရှိနေနိုင်မလဲ။ စီးလာတဲ့ကားသေးသေးလေးတွေနဲ့လည် ပစ္စည်းအစုံဘယ်မှာသယ်ယူခဲ့နိုင်မလဲ။ ဒါးတစ်ချောင်း ကပ်ကြေးတစ်လက်နဲ့ ထမင်းပေါင်းအိုးတစ်လုံး၊ ဟင်းချက်အိုးတစ်လုံး ဒါလေးနဲ့ တစ်ဖွဲ့လုံးစားလောက်အောင်စီစဉ်ရတာ။ အထင်တော့ မသေးလိုက်နဲ့ တကယ်စားတော့ ကုန်အောင်မစားနိုင်ဘူး။ စားလို့ကလည်းဘာကောင်းသလဲမမေးနဲ့။ အစောစာက ၀က်သား Curry Medium(억떡기 카레)ချက်တာလေ။ မြန်မာလိုတော့ ဘယ်လိုပြန်ရမလဲမသိပါဘူး။ အရသာကတော့ သီးစုံပဲကုလားဟင်း အတိုင်းပါပဲ။ အွန်စောလည်း အဲဒီချက်နည်းကို အခုမှပဲ ရတော့တယ်။ နောက်ဆို အိမ်မှာ မကြာမကြာလုပ်စားဖြစ်တော့မယ်။ စားလို့ ဗိုက်ပြည့်ကြတော့ လူသုံးရောက်က ၃၀ ကီလိုလောက်ဝေးတဲ့ ဒဲဂျွန်းမြို့ဘက် Sea Shell အ၀ယ်ထွက်ခဲ့ကြတယ်။ ပြန်လာတော့အပြင်မှာမီးဖို ၀ိုင်းပြီး မီးကင်စားကြတာ ပျော်စရာပါပဲ။ အွန်စောအတွက်တော့ ဒီအကောင်တွေကို ပထမဆုံးမြင်ဘူးခြင်းပါပဲ။ စမ်းစားကြည့်တော့ ချိုဆိမ့်ဆိမ့်ပဲ။ ကောင်းတယ်ဗျ။ ဒီထက်ပျော်စရာကောင်းတာက ဘီယာ (맥주)၂ လီတာဘူးခြောက်လုံးသယ်လာတာ။ လူ၈ယောက် ဘယ်လိုမှ မကုန်နိုင်ဘူး။ ၂ ဘူးပဲဖြတ်နိုင်တယ်။ ည ၁၁ နာရီလောက်ရောက်တော့ ဗိုက်တွေလည်းကယ်ကုန်ကြပြီ။ See Shell ၅ ကီလိုကို ၄ သောင်းဝမ်နဲ့ဝယ်လာတဲ့ဟာလဲ နောက်ဆုံး ၄ ကောင်အကျန်မှာ ဆလံပေးလို့ အမှိုက်ထဲထဲ့ပြီးပွဲသိမ်းခဲ့လိုက်ရတယ်။ ကိုယ်တွေအိပ်တော့ ကျောင်းသားတွေဘက်က ဆူညံလို့ကောင်းဆဲ။ ပါဆယ်ဂိမ်းနေကြတာထင်ပါရဲ့။ မနက်မှာတော့ ၇ နာရီလောက်ထ လမ်းလျှောက်တော့ ညကခြောက်နေတဲ့သဲသောင်ပြင်မှာ ရေတက်ထားလို့ စိုပြီး မာနေတော့ လမ်းလျှောက်ကောင်းတာနဲ့ ရေစပ်နားထိဆင်းသွားပြီး လမ်းလျှောက်ရင်းဓါတ်ပုံအချို့ မှတ်တမ်းတင်ခဲ့လိုက်တယ်။ နေရောင်လေးရလာတာရယ်။ လေငြိမ်နေတာရယ်ကြောင့် ညကလောက် မအေးတော့ဘူး။ ၈နာရီခွဲမှာ တည်းခိုဆောင်ကို တတာပြခဲ့ပါတယ်။ ၉ နာရီခွဲမှာအခန်းပြန်ရောက်ပြီး ခေတ္တနား၊ ၁၁ နာရီမှာ ဓါတ်ခွဲခန်းပြန်ဝင်ပြီး ပုံမှန်လုပ်ငန်းလည်ပတ်ရပါတော့တယ်။ ဂုန်းဂျူးတက္ကသိုလ်ရဲ့ တစ်ညအိပ် လေ့ကျင့်ခန်းကတော့ ဒါလောက်ပါပဲ။ အောက်မှာ မှတ်တမ်းတစ်ချို့တင်ပေးလိုက်ပါတယ်။ အားလုံးပျော်ရွှင်ကြပါစေ။