Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။

Wednesday, October 28, 2009

Thanks Giving Day of Department of Plant Resources, Kongju National University, Yesan Campus


ပြောပြချင်တာတွေ ရှိနေပေမဲ့ လုပ်စရာ အကြွေးတွေများနေလို့ ဓါတ်ခွဲခန်းက အကြွေးတွေအရင်ဆပ်နေရတယ်။ ဒီနေ့ အတွေ့အကြုံလေးရေးချင်တာမို့ နေ့စွဲလေးအရင် လူရေလည်လုပ်ယူထားလိုက်တာ။ လာမည် ကြာမည် မျှော်----။ ဟီး---ဟီး----။
လာပါပြီ။
တစ်ခြားမဟုတ်ပါဘူး။ ကျွန်တော်တို့ စိုက်ပျိုးရေးဌာနကပြုလုပ်တဲ့ Thanks Giving Day တဲ့။ မြန်မာလို ရှင်းရှင်းပြောရလျှင်တော့ စိုက်ခင်းစောင့်နတ်တင်တာပါပဲ။ အဲဒီပွဲလေးအကြောင်း ပြောပြမယ်လို့ပါ။ အချိန်မရသေးတာနဲ့ အကြွေးမှတ်ထားခဲ့တာ။ အခုလည်း အချိန်ရလို့တော့မဟုတ်ဘူး။ များများမရေးအားတာအတူတူ တစ်ကြောင်းနှစ်ကြောင်းလောက်တော့ ရေးလိုက်အုန်းမယ်ဆိုပြီး ၀င်ထိုင်လိုက်တာ။ ကျွန်တော်တို့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က လယ်ယာသီးနှံ၊ ဥယျာဉ်ခြံ သီးနှံပညာ ဌာနတွေက လုပ်သလိုပါပဲ။ တစ်ခြားဌာနတွေနဲ့တော့မတူးဘူး ဘယ်တူမလဲ အခြားဌာနတွေက စိုက်ခင်းမှမရှိတာ။ ဟဲ--ဟဲ--။
ဖြစ်ပုံက အဲဒီနေ့က လက်ချာအတူတက်နေတဲ့ ကကြီးကျောင်းသားတစ်ယောက်က စိုက်ခင်းသွားမယ်ဆိုပြီးလာခေါ်တယ်။ ကျွန်တော်တို့အဖွဲ့က လေးယောက်ရှိတာကိုး တရုတ်သုံးယောက်နဲ့ ကျွန်တော်။ စစချင်းဘာလုပ်မယ်မသိဘူး၊ အခင်းမှာ တစ်ခုခု စိုက်မယ်ထင်နေတာ။ သူ့ကားလေးနဲ့ ငါးယောက်သမားထွက်လာလိုက်တာ အခင်းရောက်တော့မှ ကျောင်းသားတွေအများကြီးနဲ့ ပါမောက္ခကကြိုရောက်နေတယ်။ ဆရာက အဝေးကနေ လက်ရပ်ခေါ်နေတယ် သူ့တပည့်တွေ မလာရဲမှာစိုးလို့ထင်ပါတယ်။ နိုင်ငံခြားသားကျောင်းသားဆိုလို့ ပြေးကြည့်မှ နော်နော်တို့လေးယောက်ပဲ ပါတာဆိုတော့ (ဒီဌာနမှာပြောပါတယ်၊ တခြားဌာနတွေမှာတော့ အများသား၊ (ဒီကင်းပါစ်မှာ)) ကကြီးကျောင်းသားထုနဲ့ယှဉ်တော့ အင်အားက တော်တော်ကွာနေတာလေ။ သူတို့ကျင်းပရာ ကွင်းထဲဝင်လာလိုက်တော့ အားရှာပါး စားသောက်ဖွယ်ရာတွေနည်းတာမဟုတ်ဘူး ပြင်ဆင်ထားလိုက်တာ။ အမှတ်တမဲ့နဲ့ရောက်လာရတာဆိုတော့ လေးယောက်သမား ကင်မရာတစ်လုံးမှပါမလာလို့ ဘာပုံမှ မှတ်တမ်းမတင်လိုက်ရဘူး။ ဒီဌာမှာက ပါမောက္ခ ငါးယောက်ရှိတာ၊ နော်နော်တို့ပါမောက္ခက ခေါင်းမော့ပြီးကြွားရှာတယ်။ ဖေါရိန်နာတွေဆိုပြီး ကျန်ပါမောက္ခတွေနဲ့မိတ်ဆက်ပေးတယ်။ တစ်ခြားပါမောက္ခတွေက အီး(English) လို မမွှတ်တော့ ပြည်ပကျောင်းသားလက်ခံသင်ပေးနိုင်ခြင်းမရှိဘူးလေ။ နော်နော်တိုဆရာက အသက်ကလည်းအငယ်ဆုံး။ လုပ်သက်ကလည်း အငယ်ဆုံး၊ ငယ်ဆို နော်နော်တိုနဲ့ရှေ့ဆင့်နောက်ဆင့်လေးပဲလေ။ သူလည်း ဒီကျောင်းကို ဒီနှစ်မှပြောင်းရွေ့လာတာတဲ့။ အက်တစ် (Active) လဲအဖြစ်ဆုံးလို့ထင်ရတယ်။
နတ်တင်တဲ့ပွဲလေးက တစ်နာရီလောက်ပဲကြာပါတယ်။ ကျောင်းသူတစ်ယောက်က အစီစဉ်မှူးလုပ်၊ ကျောင်းသားတစ်ယောက်က နတ်ပင့်တိုင်တယ်။ ပါမောက္ခငါးယောက်က အလှည့်ကျ ၀င်ကန်တော့ ပြီးတာနဲ့ ရုံးဝန်ထမ်း စားရေး တွေကန်တော့ နောက်ကျောင်းသားတွေ နှစ်အလိုက် ၀င်ထိုင်ကန်တော့ ကြတာပါပဲ။ အဲလို ပူဇော်ပွဲလေးလုပ်ပြီးတာနဲ့ စောစောက ကြိုတင်ပြင်ဆင်ထားတဲ့ စားပွဲခုံတွေမှာဝိုင်းပြီး စားကြ သောက်ကြတာပါ။ ဒီပွဲမှာ မြန်မာနဲ့မတူတာလေးက- မြန်မာပြည်မှာ တောစောင့်နတ်တောင်စောင့်နတ်တင်လျှင် ကြက်ကောင်လုံး၊ (သို့) အဖိုအမတစ်စုံတင်တာကို မြင်တွေ့ကြားသိခဲ့ဖူးတာပါ။ ဒီမှာတော့ ၀က်ကို ခေါင်းတစ်ဝက်ကဖြတ်ထားတဲ့ နှုတ်သီးပိုင်းကို ပြုတ်ပြီး ထိပ်အလည်တဲ့တဲ့မှာ ထောင်ထားတာများ မြင်ရတာနဲ့ ကြောက်စရာကြီးဗျာ။ သူတို့နတ်က ထူးဆန်းတာကိုး။ အဲဒါကို အဲလိုလုပ်ပေးမှ သဘောကျတယ်ထင်ပါရဲ့။ ဟီး--ဟီး။
ဆယ်နာရီလောက်ကစလိုက်တာ ဆယ့်တစ်ကျော်ကျော်၊ ဆယ့်တစ်နာရီခွဲလောက်မှာ နတ်ပူဇော်ပွဲလေးပြီးသွားတယ်။ ပြီးသွားတာနဲက ပါမောက္ခတွေက သူတို့ကားကိုယ်စီနဲ့ အပြင်ထွက်နေ့လည်စာစားကြမယ်တဲ့ အဲဒါအတူလိုက်စားဖို့ သူတို့အခေါ် ၀ဲဂုဂင်( Foreigner)တွေအပါခေါ်ခဲ့ပါလို့ ရုံးကူတစ်ယောကိုပြောနေတာသိလိုက်ရတယ်။ ဒါနဲ့ ရုံးအကူကို မလိုက်လို့မရဘူးလားကွာ ငါတို့ဗိုက်တွေလည်း တင်းနေပြီ ထပ်မစားနိုင်တော့ဘူးဆိုတော့ သူလည်း မလိုက်ချင်မစားချင်တော့ဘူးတဲ့၊ ဒါပေမဲ့ ဆရာတွေကခေါ်တော့မလိုက်လျှင်မကောင်းဘူးဆိုပြီး ကားပေါ်တက်ထွက်လာခဲ့လိုက်ရတာပါပဲ။ ကားပေါ်မှာ ဘာစားမလဲညှိကြတော့ ကကြီးကျောင်းသားတွေက ခွေးသားစားမယ်တဲ့။ နော်နော့်မေးတော့ မစားဘူးဘူးလို့ ၊ စမ်းကြည့်မယ်ကွာလို့ ကတိပေးလိုက်တယ်။ တရုတ်တွေကတော့ ပြောတယ်၊ စားဖူးတယ်တဲ့ သူတို့နိုင်ငံမှာ လူအများစုက အဲဒါကိုပိုကြိုက်ကြတယ်တဲ့။ ဒီကိုရီးယားမှာလည်း ခွေးသားက ဈေးအမြင့်ဆုံးဖြစ်သလို အမျိုးသားတွေအကြိုက်ဆုံး အသားပါတဲ့ဗျာ။ နော်နော်လည်း ဘယ်အရှုံးခံလို့ဖြစ်မလဲ တစ်ဖတ်ကောက်တုတ်လိုက်တယ်။ ပြန်မထွက်ဖို့ မနဲသတိထားဝါးမြိုချလိုက်ရတယ်။ အသားက တယ်နုတာပဲ။ ကျိချွဲချွဲနဲ့။ နောက်တစ်ဖတ်--နောက်တစ်ဖတ်--။ ဟဲ--ဟဲ--ကိုရီးယားတွေအသားစားတာမြင်ဘူးတယ်မဟုတ်လား။ ရက်စက်တယ်ဗျာ သူတို့တော့ အမှီမလိုက်နိုင်ပါဘူး။ အသားတွေ တော်တော်စားပြီးလောက်တော့ နောက်ထပ် မြေအိုး လုံးတွေ တစ်လုံးစီရောက်လာပြန်တယ် ခွေးသားဆွပ်ပြုတ်တဲ့ သူတို့တစ်တွေကတော့ အားရပါးရလွေးကြတယ်ဗျာ အပြောင်ပဲ။ နော်နော်ကတော့ တ၀က်ကျိုးအောင် မနည်းကြိုးစား မြိုလိုက်ရတယ်။ အပြင်သွားစားတယ်ဆိုလျှင် ဆိုဂျူ (Alcohol) လေးကလည်း မပါမဖြစ်ဆိုလေတော့ ရစ်သီရစ်သီပေါ့ဗျာ။ အော်တစ်ခါမှ စားဖို့ မစဉ်းစားခဲ့ဘူးတဲ့ ခွေးသားတွေကို အားပါးတရစားနေကြတာတွေ့တော့ ဟိုးအရင် ၂၀၀၀ ခုနှစ် တုန်းက အစ္စရေးနိုင်ငံ ၊ အရာဘာဒေသက၊ အင်ရာဟပ် ဆိုတဲ့ ရွာလေးမှာ နေခဲ့စဉ်က ထိုင်းတွေ အမဲသားအစိမ်းသုတ်စားတာ အတင်းခေါ်ကြွေးလို့ တစ်ဇွန်းကောက်ဝါးပြီး ပြန်အန်ထုတ်ပစ်ခဲ့တာကို သတိရမိတယ်။ အဲဒီတုန်းကတော့ ဘယ်လိုမှ ၀မ်းထဲရောက်အောင် ပို့မရခဲ့ဘူး။ အခုအခါမှာတော့ သူတို့တောင် စားသေးတာပဲဆိုပြီး တစ်ဝက်လောက်ထိတော့ မျက်စေ့မှိတ်တုတ်ပစ်လိုက်တယ်။ အော် --- တောစောင့်နတ်ပူဇော်ပွဲနဲ့ တစ်ဆက်ထည်းရခဲ့တဲ့ အတွေ့အကြုံလေးပါပဲလေ။ ဆရာတွေမကြာမကြာ အပြင်ထွက်ထမင်းလိုက်လိုက်ကျွေးလို့အားတော့နာမိပါရဲ့။





0 comments:

Post a Comment