Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။

Saturday, August 1, 2009

ခြေလျှင်တောင်တက်ခရီး။

ဒီနေ့တော့ စာမေးပွဲလည်း ပြီး ကျောင်းဆင်းပွဲလဲ ပြီးသွားပြီမို အချိန်လေးရတာနဲ ခြေလျှင်တောင်တက် ထွက်လာလိုက်တယ်။ အဝေးကြီးသွားစရာမလိုပါဘူး။ ဒီကိုရီးယားနိုင်ငံမှာက ဘယ်နေရာကြည့်ကြည့် တောင်တွေချည်း ဖြစ်နေတာကိုး။ ကျွန်တော်အခုတက်နေတဲ့ ရှင်းလာ တက္ကသိုလ်ကိုက တောင်စောင်းမှာရှိနေတာလေ။ အခုနေတဲ့ 백양생활관 (Baekyang Living Hall) dormitory ကိုက နောက်ကျောမှာရှိတဲ့ 벡양산 (Baekyang Mountain) ကို အမှီပြုပြီး အမည်ပေးထာတာတဲ့လေ။ ဒီတော့ အဆောင်ကထွက်လိုက်တာနဲ့ တောင်တ၀က်ရောက်နေပြီလေ။

ထူးခြားတာက ဆောင်းတွင်းတုန်းက ခြောက်သွေ့သွေ့ဖြစ်နေတဲ့ အပင်တွေဟာ အခုလို နွေရာသီမှာ မိုးရွာတော့ စိမ်းစိုအုန့်မှိုင်းနေတယ်။ နောက် လျှိုမြောင်တစ်လောက် စီးဆင်းနေတဲ့ ရေတွေက ကြည်စိမ်းနေတယ်။ ကြည်မှာပေါ့ စမ်းချောင်းတစ်လောက်လုံး အောက်ခံကြမ်းပြင်က ကျောက်တွေချည်းပဲ။ မိုးတအားရွာလျှင်တော့ ရေနည်းနည်းနောက်တယ်။ မဟုတ်လျှင် အမြဲကြည်စိမ်းနေတယ်။ ရေတိုက်စားမှုမရှိဘူးလို့ ပြောရမှာပါ။ ဒါလောက် မြင့်တဲ့တောင်စောင်းမှာတောင် ရေတိုက်စားမှုမရှိအောင် လုပ်ထားတာ တော်တော်လေးချီးကြူးရမယ်။ နာရီဝက်လောက် တက်မိတော့ လမ်းခုလတ်မှာ အခုလိုနားခိုစခန်းလေး အဆင်သင့်တွေ့လိုက်ရတယ်။ နည်းနည်းလည်း မောလို့ ချွေးပြန်စပြုလာပြီလေ။ ဆက်တက်လာလိုက်တော့ လမ်းဘေးမှာ ဒီမှိုတွေကို တွေ့ခဲ့ရတယ်။ မြန်မာပြည်မှာပေါက်တဲ့ အပ်ထိုးမှိုနဲ့တော့ တူသလိုလိုပဲ။ ဒါပေမဲ့ မှိုသားပါးတယ်။ အပ်ထိုးမှိုလောက် မထူးဘူး။

ဒီလမ်းလေးအတိုင်းဆက်တက်လာလိုက်တယ်။ လမ်းက တော်တော်လေးမတ်စောက်တယ်။ အပင်တွေအားကိုးပြီး မနည်းထိန်းတက်ခဲရတယ်။

အပေါ်ရောက်ခါနီးမှာ အခုလို မြေနည်းနည်းပြန့်တဲနေရာလေးတွေ့တာနဲ့ နှစ်ယောက်သမား နားလိုက်တယ်။ ဟော- နည်းနည်းလေး ဆက်တက်လိုက်တာနဲ့ တောင်ထိပ်ပေါ်ရောက်လာပြီ။ ငါကွ ဒီပေါ်ရောက်အောင်တက်လာတာ။ ဟီး---ဟီး ။ ဟောဟဲတိုက်ရင်းပျော်သွားလို ခုန်ပေါက်ပစ်လိုက်တယ်။

ဒါပေမဲ့ အခုရောက်နေတဲ့ တောင်ထိပ်က အမြင့်ဆုံးတောင်မဟုတ်ဘူး။ ဒုတိယ အမြင့်ဆုံးနေရာဖြစ်နေတယ်။ ဒါကြောင့်လည်း အခု နံနက် ၉ နာရီကစတက်လာတာ ၁၁ နာရီမှာ တောင်ထိပ်ရောက်လာတာပေါ့။ ဒီ ဘယ့်ကရောင်း (Baekyang Mountain) ရဲအမြင့်ဆုံးတောင်က ဟိုမှာ----။

ဒီနေရာထိတက်ချင်လျှင် တစ်နေကုန်မှာ။ အခုအချိန်မပေးနိုင်သေးဘူး။ နေ့လည် တစ်နာရီမှာ ဆရာမတွေနဲ့ နှုတ်ဆက်ပွဲ နေ့လည်စာ စားဖို့ချိန်းထားတော့ ၁၂ နာရီ အဆောင်အရောက်ပြန်မှဖြစ်မယ်လေ။ တောင်ထိပ်မှာ ဒီပုံလေးတွေ အမှတ်တရရိုက်ပြီး ဆင်းလာခဲ့လိုက်တယ်။ တောင်ပေါ်ကနေငုံ့ကြည့်လိုက်တော့- ဟော--- ဟိုမှာ ရှင်းလာတက္ကသိုလ်။ သေးသေးလေး မြင်ရတော့တယ်။ ဟိုအဝေးမှာက ဘူဆန်မြို့ရဲ့ မြို့နယ်စုတစ်ခုဖြစ်တဲ့ ဆာဆန်း မြို လေးလှန်းမြင်နေရတယ်။

လာလမ်းအတိုင်းလှည့်မပြန်ပဲ ဟိုတခြားဘက်ကနေပတ်ပြန်လာခဲ့တယ်။ ဒီမှာလည်း လမ်းတစ်ထောက် အနားယူရန် စခန်းတစ်ခုပါလား။ အတက်ခရီးတုန်းက နှစ်နာရီနီးပါးတက်ခဲ့ရတဲ့ ခရီး အဆင်းမှာ နာရီဝက်ကျော်ကျော်ပဲကြာလိုက်တယ်။ ၁၂ နာရီမထိုးခင် အခန်းပြန်ရောက်တယ်။ ခေတ္တနားပြီးတာနဲ့ နှုတ်ဆက်ပွဲ ဆက်သွားရအုံးမယ်လေ။----။
(ကိုရီးယားနိုင်ငံအကြောင်း မရေးဖြစ်သေးခင် လှုပ်ရှားမှု့လေးတွေကို မှတ်တမ်းသဘော ရေးလိုက်တာပါ။ ဖတ်ရတာ ပျင်းစရာကောင်းပြီး မှတ်သားစရာမပါလို့ အားနာပါတယ်။ ဘယ်သူမှလည်း ဖတ်မယ်မထင်ဘူး။ ဖတ်တဲ့သူရှိလျှင်လည်း အဲဒီလူက ကျွန်တော့ကို တော်တော်ခင်တဲ့သူ ဖြစ်မယ်။ ကျေးဇူးအထူးတင်ပါတယ်။ ဟီး---ဟီး။)


0 comments:

Post a Comment